2 3 4 5 6 7 8 9 10

Sunday, October 16, 2011

စိတ်ဆိုးတော့မယ်ဆိုရင်...အကြောင်းရင်းကို အရင်ဆင်ခြင်.


.....စိတ်ဆိုးတတ်တဲ့သူ. စိတ်ညစ်တတ်တဲ့သူတွေအတွက် စိတ်ဖြေသိမ့်မှုရရှိအောင်.ဖြစ်ပျက်တရားသဘောနဲ့
ဆင်ခြင်နိုင်အောင်.စိတ်ဆိုးခြင်း.စိတ်ညစ်ခြင်းတွေနဲ့ အကျိုးရှိတဲ့အချိန်တွေ ကုန်ဆုံးမသွားရအောင်
ဦးဇင်း ရဝေနွယ် (အင်းမ) သတိပေး ဆုံးမထားတာလေးတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးလိုက်တယ်နော်.

.....စိတ်မချမ်းသာဘူးဆိုရင်.စိတ်ဆင်းရဲရင်.စိတ်ဆိုးရင်.ဒေါသ.သောက.ဣဿမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ
ဝင်လာရင် အကြောင်းရင်းကိုရှာပြီး ဖျောက်ပါတဲ့.

.....မူလ ပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ အကုသိုလ်ကိလေသာဝင်ရင် ပယ်နည်း ငါးနည်းထဲက
တစ်ခုပါ. အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့.

.....ဘယ်လိုရှာပြီး ပယ်မလဲ ?

.....၀ိတက္ကသဏ္ဌာနသုတ်မှာ စိတ်ဆိုးရင်.စိတ်ညစ်ရင်.စိတ်မချမ်းသာဘူးဆိုရင် အကြောင်းရင်းကို ရှာဖွေပြီး
ဖျောက်ပါလို့ ဟောကြားထားပါတယ်.

.....ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုပေမဲ့ နိဗ္ဗာန်မရသေးခင်ကြားကာလမှာ နေနည်း.ထိုင်နည်း.
စားနည်း.သောက်နည်း.နောက်ဆုံးအနိမ့်ဆုံးဖြစ်တဲ့ ရေအိမ်တက်နည်းအထိ မြတ်စွာဘုရားရှင်က အသေးစိတ်
ဟောပြပေးထားခဲ့ပါတယ်.


.....လူတွေကမသိလို့ရယ်. မကျင့်သုံးလို့ရယ်ကြောင့် စိတ်ဆိုးတာ.စိတ်ညစ်တာ.စိတ်မချမ်းသာတာ.စိတ်ကောက်တာ.
စိတ်နာတာ.စိတ်ပျက်တာစသည်တွေ ဖြစ်နေရတာပါ.

.....မြတ်စွာဘုရားရှင်က ပြဿနာတစ်ခုဖြစ်လာရင် အကြောင်းရင်းရှာဖျောက်ပါလို့ ဟောထားပေမဲ့ လူတော်တော်များများက ပြဿနာဖြစ်လာပြီဆိုရင် အကြောင်းရင်းရှာဖို့ထက် ပြဿနာကို ပြဿနာနဲ့ဖြေရှင်းဖို့ပဲ အရင်စဉ်းစားလိုက်ကြတာပါ. ဒီတော့ *ပြဿနာပြီးရင် ပြဿနာပဲ* ဆက်ဖြစ်နေကြတော့တာပါ. ပြဿနာဖြစ်ပြီဆိုရင် စိတ်ဆိုးမှု.စိတ်ဆင်းရဲမှု.စိတ်မချမ်းသာမှု.စိတ်ညစ်မှုစတဲ့ ဆိုးကျိုးတွေကလည်း ၀င်လာတော့တာပါ.

.....*ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တာပဲ* ဆိုပြီး စိတ်ဆင်းရဲအောင်လုပ်တဲ့သူကိုမုန်း.မုန်းတော့ စိတ်ဆင်းရဲ.
စိတ်ဆင်းရဲတော့မုန်းနဲ့ စိတ်ဆင်းရဲကြော မုန်းကြောတွေရှည်နေတော့တာပါဘဲ.နောက်ဆုံးရလာဒ်ကတော့
ထပ်ဆင့်စိတ်ဆင်းရဲရတာပါဘဲ. စိတ်ဆင်းရဲသွားတော့ ကိုယ်ကသူ့ကိုမမြင်ချင်.သူကကိုယ့်ကိုမမြင်ချင်နဲ့
သူတက်တဲ့ပွဲ ကိုယ်မတက်.ကိုယ်တက်တဲ့ပွဲ သူမတက်နဲ့ ရလာဒ်တွေကတော့ ကောင်းကွက်တကွက်မှကို
မရှိတော့တာပါ. ကိုယ့်ဘ၀ရဲ့ဖြစ်ခဲ့သမျှ ဖြစ်စဉ်အားလုံးကို ပြန်စဉ်းစားကြည့်ရင် အကြောင်းရင်းမရှာခဲ့မိလို့
မှားခဲ့တာတွေ အများကြီးပါ.


.....ပြဿနာတစ်ခုဖြစ်လာတဲ့အခါ အကြောင်းရင်းရှာဖျောက်ပစ်တာရယ်.ရင်ထဲမှာဘဲ ကြိတ်စိတ်ဆိုးနေတာရယ်. အပြင်ထွက်ပြီး စိတ်ဆိုးပြလိုက်တာရယ်ဆိုပြီး အပိုင်းသုံးပိုင်းထွက်လာပါလိမ့်မယ်.အကြောင်းရင်းရှာပြီး ဖျောက်တဲ့နည်းကို မကျင့်သုံးနိုင်သေးရင်တောင် စိတ်ဆိုးချင်သပဆိုရင်လည်း ရင်ထဲမှာဘဲဆိုးလိုက်ပါ. ရင်ထဲမှာပဲဆိုးနေတာဆိုတော့ ပြဿနာရဲ့အကြောင်းရင်းကို သိလိုက်ရတဲ့အချိန်မှာ
ကိုယ်ကပိုနေမြဲကျားနေမြဲဆက်နေပြီး သူပြောလာတဲ့အတိုင်း ချောလဲရာရောထိုင်လိုက်ရုံပါဘဲ.

.....ကိုယ့်ရဲ့စိတ်ဆိုးမှုက အပြင်ထွက်ပြီး ဆိုးပြထားတာမဟုတ်တော့ ကိုယ့်အတွက် သိက္ခာမကျတော့သလို မိတ်လည်းမပျက်တော့ပါဘူး. တစ်ချို့ကျတော့ ပြဿနာတစ်ခုဖြစ်လာရင် *၀ုန်းဒိုင်း*ဆိုပြီး
ပေါက်ကွဲပစ်တတ်ကြပါတယ်. အကြောင်းရင်းသိလိုက်ရတဲ့အခါ ဒါမှမဟုတ် ကာလတစ်ခုကြာသွားပြီး စိတ်အေးသွားတဲ့အခါကျမှ ကိုယ်ပြုမူခဲ့တာတွေ ပြန်တွေးပြီး စိတ်မကောင်းဖြစ်ရပြန်ရော.

.....တစ်ချို့ပြဿနာတွေဟာ ကာလတစ်ခုလောက် သည်းခံပေးလိုက်မယ်ဆိုရင် ပြေသွားတာများပါတယ်. စိတ်ဆိုးတယ်ဆိုတဲ့နေရာမှာလည်း ရက်ရှည်.လရှည် နှစ်ချီပြီး ဘယ်သူမှ ဆိုးမနေနိုင်ပါဘူး. ကာလလေးတစ်ခုလွန်မြောက်သွားရင် ပြေသွားကြတာများပါတယ်.ဇာတ်တော်တွေ. သမိုင်းတွေ.ရာဇ၀င်တွေ ပြန်ကြည့်ရင်လည်း အကြောင်းရင်းမရှာမိလို့ ဆုံးရှုံးနစ်နာသွားရတဲ့သာဓကတွေ အများကြီးပါ.

.....တရားသဘောနဲ့ကြည့်ပြန်တော့လည်း ဖြစ်ချိန်တန်ရင်ဖြစ်ပြီး ပျက်ချိန်တန်ရင်ပျက်သွားရတဲ့သဘောပါ. သက်ရှိသက်မဲ့အရာအားလုံးဟာ တစ်နေ့သောအခါမှာ အကြောင်းတစ်စုံတစ်ခုနဲ့ ပျက်စီးကြရမှာပါ.
ဘာမှမတည်မြဲပါဘူး. ဘာမှမတည်မြဲလှတဲ့ တရားသဘောလေးကို ဆင်ခြင်ပြီး မပျက်စီးခင်လေးမှာ
အဓမ္မအမှုကို မပြုမိဖို့ဘဲ အရေးကြီးပါတယ်.

.....ဖြစ်ခြင်း.ပျက်ခြင်းတွေရဲ့ အကြောင်းရင်းကို တွေးမိရင် ဆိုးနေတဲ့စိတ်တောင် ဘယ်ရှာလို့ရှာရမှန်း
မသိအောင် ပျောက်သွားတတ်ပါတယ်. တကယ်သေချာစဉ်းစားကြည့်ရင် မပျက်စီးခင်အချိန်လေးမှာ
စိတ်ဆိုးခြင်းကို ဘာဖြစ်လို့ အချိန်တစ်ခုလုပ်ပြီး ပေးနေရတော့မှာလဲလေ.

.....ဘာဘဲပြောပြော စိတ်ဆိုးတော့မယ်ဆိုရင် အကြောင်းရင်းကို ရှာကြည့်လိုက်ပါဦး. မဆိုးရရင်မနေနိုင်တာကလွှဲလို့ဆိုရင်လည်း ရင်ထဲမှာဘဲ ဆိုးလိုက်ပါတော့လို့ ဆုံးမထားပါတယ်.

.....စိတ်ဆိုးခြင်း.စိတ်ညစ်ခြင်းတွေကို ပစ်ပယ်ပြီး ကြည်နူးခြင်း.ပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့
ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ.
Posted by ayeayemoemeeku on December 7, 2009 at 9:00am

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။ 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>