.....ငါအိုသွားသောအခါဆိုတဲ့ တောင်းပန်ကဗျာလေးကို ဖတ်ပြီး အသက်အရွယ်ကြီးလို့
အိုမင်းမစွမ်းဖြစ်နေတဲ့ မိဘများကို သတိရမိပါတယ်.
.....သက်ကြီးရွယ်အို မိဘတိုင်းရဲ့ ရင်ထဲကခံစားချက်အမှန်ဟာ ဒီတောင်းပန်ကဗျာလေးလိုဘဲဖြစ်မယ်ထင်ပါတယ်.
ကျန်းမာသန်စွမ်းပြီး ငယ်ရွယ်သေးတဲ့ မိခင်.ဖခင်တွေအတွက်ကတော့ မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်သေးတော့
ဒီလိုအတွေးမျိုးတွေရှိအုံးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်.
.....မိဘဆိုတာက စုန်ရေလိုဘဲနော်. သားသမီးတွေအတွက် အမြဲဘဲစီးဆင်းနေတာ.လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးနေတာဘဲနော်. အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်ကျမှသာ အားငယ်စိတ်တွေဝင်ပြီး သူတို့ရဲ့
သားသမီးတွေကို ဒီတောင်းပန်စာလေးအတိုင်း ဖြစ်စေချင်ကြတယ်လို့ထင်ပါတယ်. မိဘတိုင်း ဒီလိုဆန္ဒမျိုး
ရှိကြမှာပါဘဲနော်.
.....ဒါကြောင့် ကျွန်မတို့သားသမီးတွေအနေနဲ့ မိဘနှစ်ပါးရဲ့ ရင်ထဲကခံစားချက်တွေကို သတိပြုမိစေတဲ့
ဒီကဗျာလေးကိုဖတ်ပြီး မိခင်.ဖခင်တို့ရဲ့ မေတ္တာကိုခံစားနားလည်မိလို့ ကမ္ဘာသစ်မှ သူငယ်ချင်းများအတွက်
မျှဝေပေးလိုက်ပါတယ်ရှင်.
.....ငါအိုသွားသောအခါ ငါဟာအရင်က ငါမဟုတ်တော့ဘူး.
ငါ့ကိုနားလည်ပေးပါ. စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ.
.....ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ
အက်ႌ.လုံချည်ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံ့ပါနဲ့.
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ.
.....အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ.
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ. ငါးရာ့ငါးဆယ်နိပါတ်တော်တွေ.
ဇာတ်ကြီးဆယ်ဘွဲ့တွေစတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို
သတိရပေးပါ.
.....မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့. ငယ်ငယ်တုန်းက
ချော့တလှည့်.ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ.
.....ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့.
ငယ်ငယ်တုန်းက *ဘာကြောင့်ဆိုတဲ့* မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို
သတိရပေးပါ.
.....စိတ်သွားတိုင်းကိုယ်မပါ. နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့
ငါ့ကိုကူတွဲပေးကြပါ. လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်
ပေးခဲ့တာတွေကို သတိရပေးပါ.
.....တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့. နားလည်ပေးပါ.
အားပေးပါ. အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ
ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ. ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို
ငါပြုံးပြုံးလေး လက်ခံမှာပါ. အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ.
.....သားတို့ . သမီးတို့ရေ...ထာဝရပျော်ရွှင် ချမ်းမြေ့ကြပါစေကွယ်.....
.....မိဘနှစ်ပါးကို ကြင်နာစွာ.ပြုစုယုယနိုင်တဲ့. မိဘကျေးဇူးဆပ်နိုင်တဲ့ သားကောင်း.သမီးရတနာတွေဖြစ်ကြပါစေ.....
Posted by ayeayemoemeeku on December 9, 2009 at 9:00am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment